Friday, November 4, 2011

အနီးအဝေး

                 လူတွေဟာ  ကိုယ်နဲ့အဝေးဆုံးမှာရှိနေသူတွေကို သတိတွေရနေတတ်ကြပေမဲ့  ..အနီးဆုံးမှာ
ရှိနေတဲ့သူတွေကိုတော့ ရံဖန်ရံခါမှာ မေ့လျော့နေတတ်ကြတယ်။ ဝေးနေတဲ့သူတွေရဲ့ အမှတ်တရတွေ ..၊ သူတို့နဲ့ တိုက်ဆိုင်တာတွေကို တွေ့တိုင်း ...  သူတို့ဆီကို စိတ်တွေရောက်သွားကြတယ်။ အနီးအနားက လူတွေက ပေးတဲ့ အမှတ်တရတွေ ...  သူတို့ရဲ့အပြုအမူကောင်းလေးတွေကိုတော့ သိပ်မတွေးမိကြဘူး။
တကယ်လို့များတွေးမိခဲ့တယ်ဆိုရင်လည်း ..အကောင်းတွေထက် အပြစ်တွေကို ပိုမြင်တတ်မိကြတယ်။
ဘာကြောင့်လဲဆိုတော့ .. နီးနီးလေး နေနေလို့ပါပဲ ... ။ အဝေးမှာရှိတဲ့သူတွေဟာလည်း ကိုယ့်အပေါ်မှာ
ရံဖန်ရံခါ မှားမိတဲ့အမှားတွေရှိနေနိုင်တယ် ..။ အနီးမှာရှိတဲ့သူက မှားတဲ့အမှားထက် ပိုပြီးဆိုးတဲ့အမှားတွေ
လည်း လုပ်ရင်လုပ်ဖူးကြလိမ့်မယ်။ ဒါပေမဲ့ ... အနေတွေဝေး ..အချိန်တွေဆွေးသွားတဲ့အခါ .. အဲဒါတွေဟာ
မှိန်ဖျော့သွားတတ်ကြတာ သဘာဝပဲလေ ..။
                  ပြီးတော့ ..လူတွေဟာ ကိုယ့်ကိုယ်ကိုယ် ညာမှန်းမသိ ညာနေမိတဲ့အချိန်တွေရှိတယ်။ ဥပမာ
ပြောရရင် ကျွန်မ သူငယ်ချင်းတစ်ယောက်ရှိပါတယ်။ သူက သူလက်လွတ်သွားရတဲ့ .. သူနဲ့မပေါင်းလိုက်
ရတဲ့ ..သူရဲ့ငယ်ချစ်ဟောင်းကို အမြဲတမ်းတနေတတ်တယ်။ လက်ရှိ သူ့အနားမှာရှိနေတဲ့ ချစ်သူကောင်မ
လေးကို ငယ်ချစ်နဲ့ခိုင်းနှိုင်းပြီး အလိုမကျတွေ ပြောလေ့ရှိတယ်။ ကျွန်မကိုဆို သူမကြာခဏပြောပြဖူးပါတယ်။
သူ့ငယ်ချစ်လေးရဲ့ဆံပင်ရှည်ရှည်လေးတွေ .. ရယ်တာပြုံးတာလေးတွေက သိပ်နူးညံ့တယ်တဲ့။ အခု ချစ်သူ
ကတော့ အချိန်တိုင်း ကပိုကရိုနဲ့ စကားပြောရင်လည်း မချွဲနွဲ့တတ်ဘူးတဲ့ ..။ သူစိတ်ညစ်ရပါတယ်တဲ့လေ။
ကျွန်မ တော်တော်ရယ်မိလိုက်တယ်ထင်တယ်။ အရင်ရည်းစာနဲ့ ရန်ဖြစ်ရင် ကောင်မလေးကသူ့ကို ရန်တွေ့
ပြောဆိုတာမျိုး မလုပ်ပေမဲ့ .. သူ့ကိုရွဲ့တယ်ဆိုပြီး နောက်တစ်ယောက်နဲ့တွဲပြတာတွေ .. မကြာခဏ သူ့စကား
ကို ဖီဆန်လို့ သူငယ်ချင်းတွေနဲ့လျှောက်လည်တာတွေ .. အများကြီးပါပဲ .. အဲဒီ့အတွက် သူစိတ်ညစ်ခဲ့ရတဲ့
အချိန်တွေကို ကြာလာတဲ့အမျှ သူ့အတွေးထဲမှာ မှေးမှိန်သွားပြီး၊ လက်ရှိချစ်သူလေးရဲ့ အသုံးမကျမှုတွေကို
သာ ထပ်တလဲလဲ ပြောနေတော့တာပါပဲ။ တကယ်တော့ ..သူ့ချစ်သူလေးဟာ သူနဲ့ရန်ဖြစ်စိတ်ကောက်တိုင်း
နောက်တစ်ယောက်နဲ့မတွဲပြတတ်ပါဘူး။ ဒါပေမဲ့ ..သူ့ကို ရန်တွေ့အော်ဟစ်တတ်တာတော့ရှိပါတယ်။(ရိုင်း
စိုင်းတာမျိုးလည်း မဟုတ်ပါဘူး) အဲဒါကို သူက အလိုမကျဖြစ်တယ်။ ကျွန်မ စိတ်ထင်တော့ ချစ်သူကို စိတ်
ကောက်ပြီး နောက်တစ်ယောက်နဲ့တွဲပြတာထက်စာရင်၊ နှုတ်ခမ်းလေးစူပြီး ရန်တွေ့လိုက်တာကမှ တော်ပါ
သေးတယ်။ ဒါက သူ့ရဲ့သစ္စာရှိမှုကိုပြသတာပါပဲ။ သူဟာ ချစ်တဲ့သူကို ရန်တွေ့ကောင်းတွေ့လိမ့်မယ်။ ဒါပေမဲ့
သူ့အတွေးထဲမှာ နောက်တစ်ယောက်ဆိုတာ မရှိပါဘူး။ နောက်ပြီးတော့ ..သူ အလှတွေမပြင်တာဟာ ကျွန်မ
သူငယ်ချင်းအတွက် နောက်ထပ်သစ္စာတရားတစ်ခုလို့ ထင်မိပါတယ်။ သူ့သစ္စာတရားတွေ ..ချစ်ခြင်းမေတ္တာ
တွေကို စကားလုံးချိုချိုလေးတွေ သုံးပြီး မဖွဲ့နွဲ့ပြပေမဲ့ .. အရိုးခံအတိုင်း ချစ်နေတာဟာ မိန်းကလေးတစ်
ယောက်အနေနဲ့ ချစ်စရာအကောင်းဆုံးအချက်ဆိုတာ ကျွန်မသူငယ်ချင်းမေ့လျော့နေတယ်ထင်ပါရဲ့ ...။
အကယ်လို့များ ..ငယ်ချစ်လေးနဲ့ပေါင်းဖက်ခွင့်ရမယ်ဆိုရင် .. အိမ်မှာထားခဲ့ဖို့တောင် စိတ်မချရ၊ ရန်မဖြစ်ရဲ
လောက်အောင် စိတ်ညစ်နေရမဲ့ မိန်းမတစ်ယောက်ကို ရေရှည်မှာ သူ ဘယ်လို ..သုံးသပ်မှာလဲ ..ဆုံးဖြတ်မှာ
လည်း ကျွန်မ သိချင်နေပါတယ် ...။
                    လူတော်တော်များများအဖို့တော့ ..ကိုယ်မရလိုက်တာဟာ ပိုကောင်းလိမ့်မယ်လို့ ထင်မိတတ်
တာ သဘာဝပါပဲ ..။ အဲဒါကြောင့် ..အနီးအနားမှာရှိနေသူရဲ့တန်ဘိုးတွေကိုလည်း မေ့လျော့ကောင်းမေ့လျော့
နေမိကြမှာပဲ ..။ ကျွန်မ အကြံပေးချင်တာက အနားမှာရှိသူကို အချိန်တော်တော်များပေးပြီး သူနဲ့ပတ်သက်
တဲ့အကြောင်းလေးတွေ တွေးကြည့်စေချင်ပါတယ်။ အဲဒီ့အခါ ကာလအပိုင်းအခြားတစ်ခုအတွက် သူဟာ ..
လက်တွဲသွားရမဲ့သူလား .. အပြစ်တင်ဝေဖန်ရင်းနဲ့ပဲ လမ်းခွဲသွားရမဲ့သူလား ..  အတူရှိနေပါလျက်နဲ့စိတ်ညစ်
နေရမဲ့သူလားဆိုတာ သိလာမှာပါ ..။ လူတိုင်းကတော့ ..အဲဒီလလိုမျိုးတွေချည်းပါပဲလို့ ကျွန်မ မဆိုလိုပါဘူး။
အကယ်လို့များ အဲဒီလိုလူတွေထဲမှာပါနေရင်လည်း .. တစ်ချက်တော့ သတိထားကြည့်လိုက်ပါဦးနော် ...။
ဘ၀ဆိုတာ တိုတိုလေးမဟုတ်လား ... အဲဒီ့အချိန်လေးအတွင်းမှာ အရာရာကို ကိုယ်နဲ့တစ်သားတည်းရှိနေ
နိုင်မဲ့ ..မောင်နှမ၊ ညီအစ်ကို၊ မိသားစု၊ မိတ်ဆွေ၊ ချစ်သူ ........စတဲ့ အားလုံးသောတော်စပ်မှုတွေအတွက်
စိတ်ချမ်းသာပျော်ရွှင်ရမဲ့ ..ငြိမ်းချမ်းအေးမြရမဲ့ ...အဖော်မွန်တွေကို သတိပြုရှာဖွေကြည့်ရင် တွေ့လာမှာပါ။


         

Friday, October 21, 2011

ပုစ္ဆာအမှတ် .. ၅၂၈

                တစ်ခါတစ်လေအိပ်ယာထဲမှာငြိမ်ငြိမ်လေးနေပြီး၊ဘာမှန်းမသိတဲ့အတွေးတွေနဲ့ နေဖူးပါသလား။ ကျွန်မကတော့ အမြဲလိုလိုနေခဲ့ဖူးတယ်။ အဲဒီလိုအချိန်တွေမှာဟိုးအဝေးကြီးမှာရှိနေတဲ့ အမေ့ကိုလည်း လွမ်းတယ်။ အမေနဲ့အတူရှိဖူးခဲ့တဲ့ရက်တွေကိုလည်း လွမ်းတယ်။
အမေ့လက်ရာ ထမင်းဟင်းတွေကိုလည်းလွမ်းတယ်။ အမေကဟင်းမချက်တတ်ဘူးလို့ ၊လူတွေက ပြောကြတယ်။                                                      နင့်အမေကကန်စွန်းရွက်နဲ့ချဉ်ပေါင်ရွက်တောင် ခွဲခြားတတ်တာမဟုတ်ဘူးလို့တောင် ပြောဖူးကြတယ်။ ဒါပေမဲ့ ကျွန်မအတွက်ကတော့ ဒီန့အချိန်အထိ အမေချက်တဲ့ဟင်းတွေသာ စားဖူးသမျှ အစားအစာတွေထဲမှာ အကောင်းဆုံးလို့၊ ထင်နေမိတာ အမှန်ပဲ။ ၁၇နှစ်လောက်ဝေးကွာနေရပေမဲ့၊ ထမင်းစားတိုင်း အမေ့ရဲ့လက်ရာ ဟင်းလေးတွေကို စိတ်နဲ့အမြဲတမ်းအရသာခံကြည့်နေမိတုန်းပဲ။ ဟင်းချေးထူတဲ့ကျွန်မအတွက် ဘယ်တော့မှမရိုးနိုင်တဲ့ဟင်းလေးတွေကတော့ မေမေချက်တဲ့ ဟင်းလေးတွေပါပဲ။  ပြီးတော့ ပြောကြသေးတယ်။ မေမေက သံယောဇဉ်နည်းတယ်တဲ့။ အဲဒါကြောင့် ..နင်တို့နဲ့ဝေးဝေးမှာ သူမို့နေနိုင်တာပေါ့ ..တဲ့လေ။မဟုတ်နိုင်ပါဘူး ..။ ကျွန်မ သိတယ်။ မေမေက ကျွန်မတို့နဲ့ခွဲချင်မှာမဟုတ်ပါဘူး။ တကယ်လို့ ခွဲချင်လို့ခွဲခဲ့တယ်ဆိုရင်တောင် ကျွန်မက မေမေ့ကို ခွင့်လွှတ်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ..ကျွန်မအတွက်တော့မေမေနဲ့အစားထိုးရမဲ့ မိခင်ရင်ခွင်ဆိုတာ မရှိလို့ပါပဲ။ ကျွန်မငယ်ငယ်တည်းက မေမေနဲ့တူတူ မအိပ်ရရင်ငိုခဲ့ဖူးတယ်။ ဒီနေ့အထိတိုင် အဲဒီ့မျက်ရည်တွေဟာ မခြောက်သေးသလိုပါပဲ ..။ ကျွန်မရင်ထဲမှာ မေမေကအမြဲရှိနေပါတယ်။ မေမေ မသိနိုင်တဲ့ ကျွန်မရင်ထဲက ..မေမေနဲ့ပတ်သက်တဲ့ အမှတ်တရတွေဟာ ဘယ်တော့မှ ပျောက်သွားမှာမှ မဟုတ်တာပဲလေ ..။
            မေမေ့အတွက် ကျွန်မဟာ သမီးဆိုးတစ်ယောက်ဖြစ်နေခဲ့မယ် ဆိုရင်လည်း.....မေမေကျေနပ်ဖို့ အမြဲတမ်းတောင်းပန်နေမှာပါပဲ။  မေမေငြိုငြင်မှာစိုးတဲ့စိတ်နဲ့   မေမေ့အပေါ်မှာပြောချင်တဲ့ကျွန်မရဲ့  သတိတရနေ့တွေ ညတွေကိုတောင် ...... ကျွန်မ ဖွင့်မပြောရင်း အခုတော့ ကျွန်မ တိတ်တိတ်လေး   နေတတ်ပါပြီ ..။
တစ်ခုတော့ရှိပါတယ် ..ကျွန်မလိုပဲ ..အမေနဲ့ဝေးနေရတဲ့ ကလေးလေးတွေကို မြင်ရင်တော့ အိပ်ယာထဲမှာ
အခုလိုပဲ ငြိမ်ငြိမ်လေးတွေးနေရင်းနဲ့ ..သူတို့ကိုယ်စား ...မျက်ရည်တွေကျမိနေတုန်း .............။


ကျွန်မရဲ့ အိပ်မက်တွေတိုင်းဟာ ..ကိန်းဂဏန်းတွေလို အမြဲတမ်းပုစ္ဆာတွေ ပေးလေ့ရှိတယ်။ ဒါကြောင့် ..ကျွန်မက အိပ်မက်တွေကို နာမည်ပေးထားတယ် ...........................အိပ်မက်သင်္ချာ ...လို့။

အခုရေးထားမိတဲ့ ကျွန်မမေမေရဲ့အကြောင်းလေးကတော့ ကျွန်မရဲ့ သင်္ချာပုစ္ဆာ နံပါတ် ၁ ပဲဆိုပါတော့ ...။
နောက်ထပ် အိပ်မက်သင်္ချာတွေလည်း ရေးဖြစ်နေဦးမယ် ...ထင်ပါရဲ့ ............။           ။